Ads Top

ပြည်သူများအတွက် ၀န်ဆောင်မှုအဖြစ် ကူညီဆောင်ရွက်ပေးရန်ထားရှိသော ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ ၁၉၉ ဖုန်းသတင်းလက်ခံဌာန Call Centerသို့ ဖုန်းခေါ်ဆိုကာ စနောက်ခြင်းများ၊ မမှန်သတင်းပေးခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံဖော်ပြခြင်း



ရန်ကုန်၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ၀န်ဆောင်မှုကိုရှေးရှုသောရဲလုပ်ငန်းစနစ်အရ 
ပြည်သူများအနေဖြင့် သတင်းအချက်အလက်များပေးပို့တိုင်ကြားနိုင်ရန်နှင့်
အကူအညီများ တောင်းခံလာပါက ကူညီဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးတွင် ၁၉၉ ဖုန်းသတင်းလက်ခံဌာန Call Center (ဖုန်းအမှတ် ၁၉၉ 
/ ၀၁-၂၃၂၃၁၉၉)ကို ၄.၇.၂၀၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ နေ့ည ၂၄ နာရီ
ရဲတပ်ဖွဲ့ဝင်များမှ တာဝန်ထမ်းဆောင်လျက်ရှိပြီး ပြည်သူများ၏ အကူအညီ
လိုအပ်နေမှုများကို သက်ဆိုင်ရာ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ
အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အဆိုပါ Call Center ဖုန်းများသို့ခေါ်ဆို၍
အချို့သောပြည်သူများ၏ စနောက်ခြင်းများ၊ မမှန်သတင်းပေးခြင်းများနှင့်
များစွာကြုံတွေ့ရလျက်ရှိရာ စတင်ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့သည်မှ
ယနေ့အထိ နေ့စဉ်ဆက်သွယ်လာသော ဖုန်းအကြိမ်(၁၂၀)ခန့်ရှိသည့်အနက်
ဖြစ်စဉ်မှန်သတင်းပေးပို့မှု (၄၀)ကြိမ်၊ မမှန်မကန်သတင်းပေးမှု (၃၀)ကြိမ်နှင့်
ဆက်သွယ်ခေါ်ဆိုကာ စနောက်ခဲ့သည့် အကြိမ်မှာ (၅၀)ကြိမ်ခန့်ရှိခဲ့ပါသည်။

ယင်းသို့ ဖုန်းခေါ်ဆိုစနောက်နေခြင်းများကြောင့် အမှန်တကယ် အချိန်နှင့်
တစ်ပြေးညီ အကူအညီလိုအပ်နေသော ပြည်သူများမှ ဆက်သွယ်ခေါ်ဆို
အကူအညီတောင်းခံရာတွင် အချိန်ကြန့်ကြာမှုများရှိနိုင်ပြီး တပ်ဖွဲ့ဝင်များ၏ 
တာဝန်ဆောင်ရွက်နေမှုများကိုလည်း အခက်အခဲအနှောင့်အယှက်များ
ဖြစ်ပေါ်စေပါသည်။ အလားတူ သတင်းပေးတိုင်တန်းခြင်းများတွင်လည်း
အဆိုပါသတင်းအား သွားရောက်အတည်ပြုသောအခါ မှန်ကန်မှုမရှိကြောင်း
တွေ့ရှိရသည်များရှိသဖြင့် သွားရောက်ဆောင်ရွက်ရသည့် တပ်ဖွဲ့ဝင်များ
အတွက် အခက်အခဲများဖြစ်ပေါ်ခဲ့သည့်အပြင် ၎င်းအချိန်တွင် အမှန်တကယ် 
သတင်းပေးပို့မှုနှင့်တိုက်ဆိုင်မှုရှိနေပါက အမှန်တကယ်ဖြစ်ပွားသော
အခင်းဖြစ်နေရာသို့ အချိန်မှီထပ်မံရောက်ရှိနိုင်ရန် နှောင့်နှေးခြင်း၊ အင်အား
လျော့နည်းခြင်းများကြုံတွေ့ရနိုင်ပါသည်။

သို့ပါ၍ ပြည်သူများအနေဖြင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ ၁၉၉ ဖုန်းသတင်း
လက်ခံဌာန Call Center မှ ဖုန်းများသို့ခေါ်ဆိုပြီး စနောက်ခြင်း၊ မမှန်မကန်
သတင်းပေးခြင်းများကို မပြုလုပ်ကြပါရန်နှင့် ၀န်ဆောင်မှုကို ရှေးရှုသော
ရဲလုပ်ငန်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် 
ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပါဝင်ပြီး အများပြည်သူအတွက် ၀ိုင်းဝန်းအကူအညီ
ပေးစေလိုပါကြောင်း မေတ္တာရပ်ခံ အသိပေးဖော်ပြအပ်ပါသည်။

Yangon Police
ပြည်သူများအတွက် ၀န်ဆောင်မှုအဖြစ် ကူညီဆောင်ရွက်ပေးရန်ထားရှိသော ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ ၁၉၉ ဖုန်းသတင်းလက်ခံဌာန Call Centerသို့ ဖုန်းခေါ်ဆိုကာ စနောက်ခြင်းများ၊ မမှန်သတင်းပေးခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံဖော်ပြခြင်း ပြည်သူများအတွက် ၀န်ဆောင်မှုအဖြစ် ကူညီဆောင်ရွက်ပေးရန်ထားရှိသော
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ ၁၉၉ ဖုန်းသတင်းလက်ခံဌာန
Call Centerသို့ ဖုန်းခေါ်ဆိုကာ စနောက်ခြင်းများ၊ မမှန်သတင်းပေးခြင်းများ
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံဖော်ပြခြင်း Reviewed by SwaiSon on 3:20 AM Rating: 5

No comments