ရခိုင်ပြည်နယ်၊မင်းပြားမြို့ လေးမြို့မြစ်ကမ်းတစ်လျှောက်ကမ်းပါးများ နေ့စဉ်ပြိုကျနေ
ရခိုင်ပြည်နယ်၊မင်းပြားမြို့တွင် ဇူလိုင်လက ရေကြီးခဲ့သဖြင့် ယခုအခါ
လေးမြို့မြစ်ကမ်းတစ်လျှောက်ရှိ ကမ်းပါးများ နေ့စဉ်ပြိုကျနေကြောင်း ဒေသခံ များထံမှ သိရှိရသည်။
မင်းပြားမြို့ပေါ်ရှိ ပြည်တော်လှရပ်ကွက်နှင့် ဦးစောတင့် ရပ်ကွက်များတွင်
ဇူလိုင် ၇ ရက် နှင့် ၈ ရက်များအတွင်း နေအိမ် ၆ လုံးအား ဖြိုဖျက်ခဲ့ ပြီး နောက်ထပ်နေအိမ် ၅၀ ကျော်ခန့်မှာလည်း ပြိုပျက်နိုင်ခြေ ရှိနေကြောင်း သိရသည်။
“ဒီမြစ်ကမ်းနားတစ်လျှောက်က အိမ်တွေအားလုံး မြစ်ကမ်းပြိုကျရာမှာ ပါသွားရတော့မှာပါ။ ရေက တ၀ုန်းဝုန်း တိုက်နေတယ်။ မနေ့က ကျွန်မတို့ အိမ်ရှေ့မြစ်ကမ်းမှာ ကပ်ထားတဲ့ စက်လှေတစ်စီး ကမ်းပါးပြိုရာကို ပါသွားတယ်။ ကျွန်မတို့မှာ နေစရာလည်း မရှိတော့ပါဘူး။ အစိုးရဆီကလည်း ဘာအကူအညီမှ မရကြပါဘူး” ဟု မင်းပြားမြို့ဦးစောတင့်ရပ်ကွက် မှ လေးမြို့မြစ်ရေတိုက်စားမှုကြောင့် နေအိမ်ဖြိုပျက်လိုက်ရသူ မစိုးစိုးစံက ပြောသည်။
၁၉၇၀ ခုနှစ်လောက်မှ စတင်ပြီး မင်းပြားမြို့၏ အစိတ်အပိုင်းများဖြစ်သော ဦးစောတင့်ရပ်ကွက်၊ အောက်ရွာပိုင်း ရပ်ကွက်၊ ပြည်တော်လှ ရပ်ကွက်နှင့် ပြည်တော်အေးရပ်ကွက်တို့၏ မြေစုစုပေါင်း အလျား(၁ မိုင် ၄ ဖာလုံ)ခန့်၊ အနံ (၆ ဖာလုံ)ခန့်မှာ မြစ်ကမ်ပါးပြိုကျရာသို့ ပါသွားခဲ့ပြီး အိမ်ထောင်စု တစ်ထောင်ခန့်မှာ စီးပွားရေးနှင့်နေထိုင်ရေး အဆင်မပြေကြတော့ကြောင်း သိရသည်။
“ကျွန်တော် အသက် ၅၀ ရှိပါပြီ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဒီကမ်းက ပြိုနေတာပါ။ ကမ်းပြိုတော့ အိမ်တွေကို နောက်ဆုတ်ပြီး ဆောက်ကြရတယ်။ တချို့ဆိုလည်း အဝေးကို သွားနေကြရတယ်။ မနေ့က ဖြိုချလိုက်ရတဲ့ မိသားစုဆိုရင် နေစရာမရှိတော့လို့ ကချင်မှာရှိတဲ့ သူဆွေမျိုးတွေဆီကို ထွက်သွားကြရတယ်” ဟု မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။
မင်းပြားမြို့ပေါ်ရှိ လေးမြို့မြစ်ကမ်းပါး ပြိုကျမူမှာ နှစ်စဉ် မိုးရာသီ အချိန်ရောက် တိုင်း ၂၀ ပေ မှ ၅၀ ပေ အထိ ရှိကြောင်းနှင့် မိုးရွားသွန်းမူများပြီး ရေကြီး မှုဖြစ်ပွားသည့် နှစ်များတွင် ပိုမိုပြိုကျမှုဖြစ်တတ်ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်တွင် မင်ပြားမြို့နယ်ရှိ ပန်းမြောင်း၊ နာဂါရာ၊ လက်မ ၊ ရွှေတမာ ၊ သောင်းခမှော်၊ ဘိတ်တောင်၊ စပါးထား၊ မကျည်းပင်စု၊ ညောင်ပင်ဝိုင်း၊ ဇီးကုန်းစသည့် ကျေးရွားများတွင် လည်း လေးမြို့မြစ် ရေတိုက်စားမှု များ ဖြစ်ပေါ်နေပြီး လက်မ(ရခိုင်)နှင့် ဇီးကုန်းကျေးရွာတို့တွင် လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါများ ပြိုပျက်ကာ ဇူလိုင် ၇ ရက်မှ ၉ ရက် အတွင်း နေအိမ် ၂၁ လုံးအား ဒေသခံတို့ ဖြိုဖျက်ခဲ့ကြောင်း သိရသည်။
MMK
The Ladies News
ရခိုင်ပြည်နယ်၊မင်းပြားမြို့ လေးမြို့မြစ်ကမ်းတစ်လျှောက်ကမ်းပါးများ
နေ့စဉ်ပြိုကျနေ
Reviewed by SwaiSon
on
11:08 PM
Rating:
No comments