Ads Top

တရုတ်ရဲ့ တိတ်တဆိတ် ခြေလှမ်း (သို့မဟုတ်) ကျောက်ဖြူ-ကူမင်း ရထားလမ်း


------------
စီမံကိန်းအတွက် သူတို့ ဘာတွေ ကြံနေပြီလဲ
ကျောက်ဖြူ စီမံကိန်းကို တရုတ် ကုမ္ပဏီ ဖြစ်တဲ့ CITIC Construction ကုမ္ပဏီက ရင်းနှီး တည်ဆောက်သူအဖြစ် တင်ဒါ အောင်မြင်ထားပါတယ်။ ဒီလို တင်ဒါအောင်မြင်ထားတဲ့ ကျောက်ဖြူ စီမံကိန်းအပြင် တန်ချိန်တစ်သိန်းအထိ ရှိတဲ့ သင်္ဘောတွေ ဆိုက်ကပ်နိုင်တဲ့ ရေနက်ဆိပ်ကမ်းတွေ၊ ကျောက်ဖြူ-ကူမင်း ရေနံနဲ့ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေလည်း မြန်မာနိုင်ငံမှာ အခြေကျနေပါပြီ။

ဒီလို အချိန်မှာ တရုတ်နိုင်ငံ အတွက် မဟာဗျူဟာမြောက် စီမံကိန်း တစ်ခုကတော့ ခက်ခဲနေဆဲ ဖြစ်နေပါတယ်။ အဲဒီ မဟာဗျူဟာမြောက် စီမံကိန်းကတော့ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်အတွက် ခက်ခဲနေတာ တစ်ခုကတော့ ရှိနေပြန်ပါသေးတယ်။ အဲဒါကတော့ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းဟာ MoU သက်တမ်း ကုန်ဆုံးသွားတဲ့အပြင် မြန်မာ့ အချုပ်အခြာ အာဏာကို ထိခိုက်နိုင်စေမှုတွေနဲ့ ရှေးဟောင်း အမွေအနှစ်တွေလည်း ထိခိုက်နိုင်တာမို့လို့ မြန်မာပြည်သူ လူထုရဲ့ ကန့်ကွက်မှုနဲ့ ရပ်ဆိုင်းထားရတာမို့ပါ။

ဒီအချက်တွေအပြင် တရုတ်နိုင်ငံရဲ့ စီမံကိန်းတိုင်း လိုလိုမှာ ဖြစ်တဲ့ ပွင့်လင်းမြင်သာမှု မရှိတာ၊ အာဏာရှိတဲ့ သူတွေနဲ့ ပေါင်းပြီး မသိ နားမလည်သူတွေကို ခြိမ်းခြောက်တာ၊ မြေယာ သိမ်းဆည်းမှု ပြဿနာတွေ ရှိနေဆဲ ဆိုတာ လက်ရှိ ၀မ်ပေါင်၊ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ တကောင်းတောင်ကြေးနီ စီမံကိန်းလို စီမံကိန်းကြီးတွေက သက်သေပြခဲ့လို့ တရုတ်ရဲ့ စီမံကိန်းတိုင်းကို မြန်မာပြည်သူတွေက ထိတ်လန့်စွာ ကန့်ကွက်ခဲ့မှုတွေနဲ့ချည်း ကြုံခဲ့ရပါတယ်။ ဒီလို ကန့်ကွက်ခဲ့မှုတွေကြောင့်လည်း မြန်မာပြည်သူတွေက တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတွေကို နှစ်လိုမှု မရှိတာ တွေ့နေရပါတယ်။

“ပညာရှင်တစ်ယောက် အနေနဲ့ သုံးသပ်ရရင်တော့ တရုတ်နဲ့ မိုင်ပေါင်းများစွာ ထိစပ်နေတယ်။ တရုတ်ကို ရန်သွားစလို့လည်း မရဘူး။ ရန်သူ လုပ်လို့လည်း မရဘူး။ အတိုင်းအတာ တစ်ခု အထိတော့ လိုက်လျောပြီး ပေါင်းဖို့ လိုမယ်။ ကိုယ့်ထက်ဝေးတဲ့ အာဖရိကလို နိုင်ငံတွေတောင် လိုက်လျောပြီး ပေါင်းနေတာပဲ” လို့ ယခင်အစိုးရ အဖွဲ့မှာ သမ္မတရဲ့ ပညာရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ်က ဆိုပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံဟာ ကျောက်ဖြူ-ကူမင်း ရထားလမ်းကို အလွယ်တကူ လက်မလွှတ်ဘဲ သူ့နိုင်ငံအတွက် မြန်မာနိုင်ငံကို အသုံးချပြီး အိန္ဒိယ သမုဒ္ဒရာနဲ့ ပစိဖိတ် သမုဒ္ဒရာ နှစ်စင်းကို အပိုင်စီးရေး အိပ်မက်အတွက် သူ့နိုင်ငံဘက်မှာ ဆက်လုပ်နေတာ တွေ့နေရပါတယ်။ ဒီလို ဆက်လုပ်နေမှုဟာ မကြာခင်ကာလ အတွင်း လက်ရှိ အာဏာရ NLD အစိုးရဆီ ရောက်လာမှာပါ။

ဒီလို အခြေအနေတွေကို အစိုးရ အနေနဲ့ ကြိုတင် ပြင်ဆင်ထားဖို့ လိုမှာ ဖြစ်သလို မြန်မာနိုင်ငံ အပေါ်မှာ စစ်ရေး၊ စီးပွားရေး၊ အာဏာ သက်ရောက်မှု အခြေအနေတွေအတွက် ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်နေတဲ့ အခြေအနေ ပေါ်လာမှာ ဖြစ်ပြီး မြစ်ဆုံစီမံကိန်း ဖိအားကြုံနေရတဲ့ အစိုးရအတွက် ထပ်မံထိုးနှက်ချက် ဖြစ်လာမယ် ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။
 
■ ကျောက်ဖြူ-ကူမင်း ရထားလမ်း-ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ဒေသခံတို့ရဲ့ စိုးရွံ့မှု

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး ခွင့်ပြုပေးဖို့ ယခင် သမ္မတ ဦးသိန်းစိန်က ယခင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဆီ သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေက အထူးစီးပွားရေးဇုန် တည်ဆောက်ခြင်းကို လက်ခံပေမယ့် အကောင်အထည် ဖော်မှုကို ပွင့်လင်း မြင်သာမှု ရှိစွာ ဆောင်ရွက်ပြီးမှ အတည်ပြုပေးသင့်တယ်လို့ ဆွေးနွေးခဲ့ကြပြီးနောက်မှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေကို နောင် အစိုးရ လက်ထက်မှာ ပွင့်လင်း မြင်သာစွာ ဆက်လက် ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ထောင်ဖို့ နယ်နိမိတ် ဧရိယာအဖြစ် မြေဧက ၄၂၈၉ ဒဿမ ၃၇ ကို သတ်မှတ်ထားပြီး ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ် (၁) နယ်နိမိတ် ၃၇၀ ဒဿမ ၆၆ ဧက၊ ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ် (၂)နယ်နိမိတ် ၂၃၇ ဒသမ၂၂ ဧက၊ စက်မှုဇုန် စီမံကိန်း နယ်နိမိတ် ၂၄၄၆ ဒသမ ၀၇ ဧကနဲ့ အဆင့်မြင့် အိမ်ရာ စီမံကိန်း နယ်နိမိတ် ၁၂၃၅ ဒသမ ၃၇ တို့ ပါဝင်ပါတယ်။

ကျောက်ဖြူအထူး စီးပွားရေး ဇုန်စီမံကိန်းရဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် CITIC Consortium 1 ကုမ္ပဏီနဲ့ စက်မှုဇုန်အတွက် CITIC Consortium 2 က လုပ်ဆောင်မှာဖြစ်ပြီး ဒီစီမံကိန်း နှစ်ခုအတွက် အမေရိကန်ဒေါ်လာ ကိုးဘီလျံ အကုန်အကျခံမှာ ဖြစ်ပါတယ်။

အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်အတွက် တစ်ချိန်လုံး မျှော်လင့်နေခဲ့တဲ့ တရုတ်နိုင်ငံအတွက် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ရင်းနှီး တည်ဆောက်သူအဖြစ် ရလိုက်တာဟာ ကျောက်ဖြူ-ကူမင်း ရထားလမ်းကို အသက်သွင်းနိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒေသခံတွေက CITIC ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေဆီက ဒေသခံတွေရဲ့ အခွင့်အရေးကို လေးစားပြီး သဘောတူညီချက် ရယူဖို့၊ စီမံကိန်း အဆင့်ဆင့်ကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပြီး တာဝန်ခံမှု ရှိဖို့၊ စီမံကိန်း ဆိုးကျိုးတွေကို နိုင်ငံတော်က ဥပဒေ အတိအကျ ထုတ်ပြန်ပြီး ကာကွယ်ပေးဖို၊ ဒေသခံတွေရဲ့ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး ကြိုတင် လုပ်ဆောင်ပေးဖို့ လိုလားနေပြီး လက်ရှိအချိန် လုပ်ဆောင်မှုတွေကတော့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျောက်ဖြူ အခြေစိုက် Sky Youth အဖွဲ့က ဦးစိုးရွှေက ဆိုခဲ့ပါတယ်။

“ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အကောင်အထည် ဖော်နေသူတွေကြောင့် ကျွန်တော်တို့မှာ စိုးရိမ်စိတ်တွေ ပိုပိုပြီးတော့ ဖြစ်နေရတယ်။ ဘာကြောင့်လဲဆိုတော့ စီမံကိန်း လုပ်နေတဲ့ CITIC ကုမ္ပဏီက ဒီစီမံကိန်းကြောင့် ဒေသခံတွေ ထိခိုက်မှု မရှိအောင် လုပ်မယ်။ စီမံကိန်းကြောင့် ဒေသခံတွေ ဖွံ့ဖြိုး တိုးတက်ရမယ်။ စီမံကိန်းမှာ ဒေသခံတွေ ပါဝင်ခွင့် ရရမယ်လို့ ဘယ်လိုပဲ ပြောပြော တကယ်လုပ်တဲ့ အချိန်မှာ ဘာမှ ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး။ ဒေသခံတွေကို ချပြမှု မရှိဘူး။ ဒေသခံတွေကို သူတို့ ဖြစ်ချင်တာ ပြောပြီးတော့ ဒေသခံတွေက ပြောရင် သူတို့ ဘာမှ လက်မခံဘူး။ သူတို့ လုပ်ချင်တာ ဆက်လုပ်သွားတယ်။ တင်ဒါခေါ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ဘာမှ ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး။ ပြည်သူ့လွှတ်တော်က ဒီဇင်ဘာ ၂၉ ရက်မှာ အတည်ပြုလိုက်တယ်။ နောက်တစ်နေ့မှာ တင်ဒါခေါ်ပြီး CITIC ကုမ္ပဏီကို ရေနက်ဆိပ်ကမ်းရော၊ စက်မှုဇုန်ပါ ပေးလိုက်တယ်။ ဒီလိုမျိုး သူတို့ လုပ်ခဲ့တာတွေက ကျွန်တော်တို့ကို သံသယ ဖြစ်လာစေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဘာဖြစ်ချင်လဲဆိုတော့ ဒီစီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်မယ်ဆိုရင် ဒေသခံတွေရဲ့ လူ့အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ စီမံကိန်းကို အကောင်အထည် ဖော်မယ်ဆိုရင် အဆင့်ဆင့် တိုင်းမှာ ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုပါတယ်။ ဒီစီမံကိန်းကို ဘယ်သူတွေ လုပ်မယ်။ ဘယ်သူတွေက ဘယ်လောက်အထိ အကျိုးအမြတ် ရမယ်။ ဘယ်သူတွေက အုပ်ချုပ်မယ် ဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံး သိအောင် သူတို့အနေနဲ့ ချပြဖို့ လိုပါတယ်။ နောက်တစ်ခုက ဒီစီမံကိန်းက ဒေသခံတွေရဲ့ ဘ၀ကို မြှင့်တင်ဖို့ လုပ်တာဆိုရင် စီမံကိန်း မလုပ်ခင်ကတည်းက ဒေသခံတွေရဲ့ ဘ၀ကို မြှင့်တင်ပေးဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ စီမံကိန်းပြီးမှ ဒေသခံတွေ ဖွံ့ဖြိုး တိုးတက်လာလိမ့်မယ် ဆိုတဲ့ အနာဂတ် မျှော်လင့်ချက်ကြီးနဲ့ ဆက်လုပ်မယ်ဆို ကျွန်တော်တို့ အနေနဲ့ ယုံယုံကြည်ကြည် လက်ခံဖို့ ခဲယဉ်းပါတယ်” လို့ ဦးစိုးရွှေက ဆိုပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ဒေသခံ ပြည်သူလူထု ပါဝင်ခွင့် မရှိတာနဲ့ ပွင့်လင်းမြင်သာမှု မရှိ ဖြစ်နေတဲ့ အခြေအနေဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းမှာ အစပြုခဲ့တဲ့ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း စီမံကိန်းတွေလို စီမံကိန်း လည်ပတ်ခဲ့ပြီ ဖြစ်ပေမယ့် ဒေသခံတွေ အနေနဲ့ မြေယာလျော်ကြေး ရရှိမှု မရှိတာ၊ မြေယာ၊ ဥယျာဉ်၊ သစ်တော ဆုံးရှုံးတာ၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ပျက်စီးတာ၊ လုံလောက် မျှတတဲ့ လျော်ကြေး မရရှိတာ၊ ထိခိုက်နစ်နာတဲ့ ဒေသခံတွေ အတွက် အစားထိုး လုပ်ငန်းတွေ ဆောင်ရွက်ပေးမှု မရှိတာ၊ ဒေသခံတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေ ကြုံနေရတာတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အန္တရာယ်တွေအတွက် ကြိုတင် ကာကွယ်ဖို့နဲ့ ကုစားဖို့ တိကျတဲ့ အစီအစဉ်တွေ မရှိဘဲ ကြုံတွေ့နေရတဲ့ ပြဿနာတွေ အတွက် တာဝန်ခံမှု တာဝန်ယူမှု မရှိတဲ့ ဖြစ်ရပ်တွေကိုလည်း ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှာ ကြုံတွေ့နေရပြီး ကျောက်ဖြူ အထူးစီပွားရေးဇုန် စီမံကိန်းမှာလည်း ဒီလိ ပြဿနာတွေ ကြုံတွေ့ရမှာကို ဒေသခံတွေက စိုးရိမ်နေရတယ်လို့ ဦးစိုးရွှေက ဆက်လက်ပြောပါတယ်။

ဒီလို ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် ပူပန်နေရတဲ့ ဒေသခံတွေအတွက် တရုတ်ရဲ့ ပြန်လည် လုပ်ဆောင်ဖို့ ကြံရွယ်နေတဲ့ စီမံကိန်းကတော့ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းပဲ ဖြစ်ပါတယ်။
 
■ တရုတ်ရဲ့ မျှော်လင့်ချက်အတွက် ပြန်လည် နိုးထလာတဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို ယခင် ရထားပို့ဆောင်ရေး ၀န်ကြီးဟောင်းဖြစ်တဲ့ ဦးအောင်မင်း၊ တာဝန်ကနေ အနားယူသွားခဲ့တဲ့ ဒုတိယသမ္မတ သီဟသရ ဦးတင်အောင်မြင့်ဦးတို့ ဦးဆောင်ပြီးတော့ တရုတ်နိုင်ငံဘက်က China Railway Engineering Corporation (CREC) နဲ့ ၂၀၁၁ ခုနှစ် ဧပြီလအတွင်းက နားလည်မှု စာချွန်လွှာ MoU စာချုပ် ရေးထိုးခဲ့တာ ဖြစ်ပြီး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ အသုံးပြုမှာ ဖြစ်ပါတယ်။

စာချုပ် ရေးထိုးခဲ့စဉ်က တရုတ်ဘက်က သုံးနှစ်အတွင်း ဒီစီမံကိန်းကို အပြီးသတ် လုပ်ဆောင်မယ်လို့ ကြေညာမှုတွေ ရှိခဲ့ပြီး မြန်မာနိုင်ငံနဲ့ လုပ်ငန်း လုပ်ဆောင်ဖို့ သဘောတူညီချက် MOA စာချုပ် ရေးထိုးမှု မပြုရသေးခင် သက်တမ်းကုန်သွားခဲ့လို့ ရပ်ဆိုင်းခဲ့ရတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။

အထူး စီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွေ ရှိနေတဲ့အပြင် ကျောက်ဖြူနဲ့ တရုတ် ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့ကို ချိတ်ဆက်မယ့် ဒီမီးရထားလမ်း စီမံကိန်းဟာ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ အပြိုင်ဖြစ်ပြီး ၈၆၈ ကီလိုမီတာ (၅၃၉ မိုင်) ရှည်လျားမှာ ဖြစ်ပါတယ်။ စီမံကိန်းမှာ လူစီးရထားနဲ့ ကုန်တင်ရထားတွေ ဖြတ်သန်းသွားလာနိုင်ဖို့ စီမံခဲ့တာပါ။ ဒီစီမံကိန်းဟာ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံကို အသုံးချပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အာဏာတိုးချဲ့နိုင်မယ့်အပြင် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် သမုဒ္ဒရာနှစ်စင်း ပိုင်ဆိုင်ရေး အိပ်မက်ဖြစ်တဲ့ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်၊ ပစိဖိတ် သမုဒ္ဒရာ ထွက်ပေါက် နှစ်ခုအတွက် အရေးပါတဲ့ စီမံကိန်းလည်း ဖြစ်နေပါတယ်။

ဒါကြောင့်မို့လို့ တရုတ်နိုင်ငံဟာ ဒီစီမံကိန်းနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေ အတွက် ရေကုန်ရေခမ်း လုပ်ခဲ့တာဖြစ်ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကိလည်း တရုတ်နိုင်ငံ အစိုးရပိုင် CITIC ကုမ္ပဏီက အရယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ဖြူ-ကူမင်း ရထားလမ်း ဖောက်လုပ်မယ့် China Railway Engineering Corporation (CREC) ဟာလည်း မြန်မာနိုင်ငံဘက်မှာ ကုမ္ပဏီ မှတ်ပုံတင်ထားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနကလည်း ခွင့်ပြုချက် ရထားပါတယ်။

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း ရပ်ဆိုင်းခဲ့ရမှုနဲ့ ပတ်သက်ပြီး ဒီလို ရပ်ဆိုင်းခဲ့ရပေမဲ့ ဒေသခံ ပြည်သူတွေရဲ့ သဘောဆန္ဒလို့ မထင်မြင်၊ မယူဆကြောင်းနဲ့ တရုတ်အစိုးရ အနေနဲ့ စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ အသင့် ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ယန်ဟို့လန်က ပြောကြားတယ်လို့ ၂၀၁၄ ခုနှစ် ဇူလိုင် ၂၅ ရက်ထုတ် 7 Day သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

တရုတ်မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်စဉ်က ပွင့်ဖြူမြို့နယ် ဧရာဝတီမြစ်နှင့် မုန်းချောင်းကြား ကျွန်းပေါ်မှ လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ် မစ္စတာ ယန်ဟို့လန်ရဲ့ နေအိမ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး မစ္စတာ ယန်ဟို့လန်က “ရထားလမ်းနဲ့ ကားလမ်းစီမံကိန်း နေရာကို ကျွန်တော်ကိုယ်တိုင် ရောက်ရှိခဲ့ပါတယ်။ ကားလမ်းနဲ့ ရထားလမ်း စီမံကိန်းကို ဆန့်ကျင်တာ မကြားဖူးပါဘူး။ တချို့ကျတော့ အိမ်ပြောင်းရွှေ့ရတဲ့ ကိစ္စနဲ့ ဆန့်ကျင်တာ ရှိပါတယ်။ ဒါပေမဲ့ ရထားလမ်း၊ ကားလမ်း စီမံကိန်းကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ပြည်သူလူထုက ရထားလမ်း စီမံကိန်းကို တကယ် ဆန့်ကျင်သလား ဆိုတာ မိတ်ဆွေများက ဆွေးနွေးဖို့ လိုပါတယ်” လို့ တရုတ်သံအမတ် မစ္စတာ ယန်ဟို့လန်က ပြောတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒေသခံ ပြည်သူလူထုက ရထားလမ်း စီမံကိန်းကို ထောက်ခံနေတယ်လို့ သူ့အနေနဲ့ ထင်မြင်ပြီး လူတစ်စုရဲ့ လှုံ့ဆော်မှုကြောင့် ဆန့်ကျင်ကန့်ကွက်တဲ့သတင်း ထွက်ပေါ်လို့ စီမံကိန်း ရပ်ဆိုင်းရတာလို့ ထင်မြင် ယူဆတယ်လို့လည်း မစ္စတာ ယန်ဟို့လန်က ဆက်လက်ပြောခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

တကယ်ဆို ဒီစီမံကိန်းကို မြန်မာပြည်သူတွေက မနှစ်မြို့ကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ တရုတ်နိုင်ငံရဲ့ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးစေတယ်လို့ ရှုမြင်ကြတဲ့အပြင် ရခိုင်ပြည်နယ်က ရှေးဟောင်း အမွေအနှစ်တွေကိုလည်း ထိခိုက်စေမှာ မို့လို့ပါ။ ဒါ့အပြင် တရုတ်နိုင်ငံက ကုမ္ပဏီ အများစုမှာ ကြုံရလေ့ရှိတဲ့ အာဏာရှိသူနဲ့ ပေါင်းပြီး မြေသိမ်းတာ၊ သိမ်းတဲ့မြေကို ပွင့်လင်းမြင်သာစွာ ချမပြတဲ့ အပြင် မြေယာလျော်ကြေးတွေအတွက် ပေးဖို့ ဖြစ်လာရင် မြန်မာ့ ရှေးဟောင်း ဥပဒေတွေထဲက ခေတ်မမီတော့တဲ့ လျော်ကြေးကိုပဲ ပေးပြီး ဥပဒေအရ တရားမျှတတယ် ယူဆတတ်တာ၊ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ချမပြဘဲ လုပ်တတ်တာ စတဲ့ အခြေအနေတွေကြောင့် နာမည်ဆိုး ရှိပြီးသားတွေက ဒီစီမံကိန်းကို လုပ်မှာ မြန်မာပြည်သူတွေက လက်မခံနိုင်တာလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

ကျောက်ဖြူ-ကူမင်း ရထားလမ်း တည်ဆောက်ဖို့နဲ့ ပတ်သက်ရင် ၂၀၁၄ ခုနှစ် ဇွန် ၂ ရက်မှာ ယခင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက သတင်းတစ်ပုဒ် ထုတ်ပြန်ခဲ့ပြီး သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုရင် “ကျောက်ဖြူ-ကူမင်း ရထားလမ်း တည်ဆောက်ရန် ယခင်အစိုးရ လက်ထက်က မူဆယ်-ကျောက်ဖြူ ရထားလမ်းကို နားလည်မှု စာချွန်လွှာ ရေးထိုးထားပြီး စီမံကိန်း ယခင် လျာထား လမ်းကြောင်းရှိ မလွတ်ကင်းသည့် သာသနိက အဆောက်အအုံများ၊ ရှေးဟောင်း အဆောက်အအုံများနှင့် အရေးကြီးသော နေရာများကို မြေပြင်စစ်ဆေးမှုများ ပြုလုပ်ထားကာ လက်ရှိ အခြေအနေတွင် နိုင်ငံတကာ စံနှုန်းများနှင့် အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ စိစစ်ဆောင်ရွက်နေဆဲဖြစ်ကာ ပွင့်လင်းမြင်သာမှုရှိစွာ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း” သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ချိန်ဟာ စီမံကိန်း သက်တမ်း ကုန်ဆုံးဖို့ ရက်အနည်းငယ် အလိုမှာ ဖြစ်ပြီး ထိခိုက်နိုင်မယ့် အတိုင်းအတာတွေကို ချမပြခဲ့တာကလည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ကျောက်ဖြူ-ကူမင်း ရထားလမ်းကို ယခင် အစိုးရတွေက လုပ်ဆောင်ရာမှာ ပွင့်လင်းမြင်သာမှု မရှိစွာ လုပ်ခဲ့ပြီး ပြည်သူက သိခွင့် မရတဲ့ အခြေအနေတွေနဲ့ လုပ်ခဲ့တာဖြစ်လို့ လက်ရှိ အစိုးရ လက်ထက်မှာ ဒီစီမံကိန်းသာ ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုကို ချပြပြီးမှာ ပြည်သူလူထု သဘောတူမှ လုပ်ဆောင်ဖို့ လိုမယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသားလွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဒေါ်ထုမေက ဆိုပါတယ်။

“ဒီလုပ်ငန်းတွေက အစိုးရဟောင်း လက်ထက်မှာ လုပ်ခဲ့တာ များတယ်။ အစိုးရဟောင်းဟာ ပြည်သူများရဲ့ အသံကို နားမထောင်ခဲ့ဘူးလို့ လေ့လာ သိရှိရပါတယ်။ ကျွန်မ ကိုယ်တိုင်ကလည်း ပိုက်လိုင်းဖြတ်သန်းရာ တစ်လျှောက် လုပ်ခဲ့ဖူးတယ်။ အဲဒီမှာဆိုရင် ပြည်သူတွေ လယ်ယာမြေ ဆုံးရှုံးမှုတို့၊ လျော်ကြေး မရမှုတို့ လူ့အခွင့်အရေး ဆုံးရှုံးမှုတို့ အများကြီး အများကြီး ကြုံခဲ့ရတယ်။ ဒါ့ကြောင့်မို့ အဲဒီ စီမံကိန်းတွေကို ပြန်လုပ်မယ်ဆိုရင် ပြည်သူလူထု အသံကို ပြန်ပြီး နားထောင်ဖို့ လိုပါလိမ့်မယ်။ တရုတ် အစိုးရ အနေနဲ့ ရခိုင်ပြည်နယ်ဘက်မှာ လုပ်မယ်ဆို ရခိုင်ပြည်သူလူထု အသံကို နားထောင်ဖို့ လိုပါလိမ့်မယ်။ ဟိုတုန်းက အစိုးရချင်း လုပ်တယ်။ အခု တော့ ပြည်သူလူထု လက်ခံမှာ ဒီစီမံကိန်းဟာ အောင်မြင်မှာဖြစ်လို့ တရုတ်အစိုးရ အနေနဲ့ ဖြစ်စေ၊ တရုတ် CNPC နဲ့ ဖြစ်စေ၊ စီမံကိန်းနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီ ဖြစ်စေ အစိုးရချင်းအပြင် ပြည်သူလူထုရဲ့ အသံကို နားထောင်မှ အဆင်ပြေအောင် လုပ်ဆောင်လို့ ရမယ်လို့ ထင်ပါတယ်” လို့ ဒေါ်ထုမေက ဆိုပါတယ်။
 
■ ကျောက်ဖြူ-ကူမင်း ရထားလမ်းအတွက် တရုတ်၏ လက်ရှိ လုပ်ဆောင်မှု

ရှမ်းပြည်နယ်၏ အရှေ့မြောက်ဘက် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းနယ်စပ် စီးပွားရေး ပူးပေါင်းမှုဇုန်၊ မိန်းတိန် တရုတ်-မြန်မာ နယ်စပ် စီးပွားရေးဇုန်၊ ချင်းရွှေဟော်နယ်စပ် စစ်ဆေးရေးဂိတ်ကို တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ လေးနိုင်ငံ စီးပွားရေး လမ်းကြောင်းအတွက် ရည်ရွယ်၍ တရုတ်နိုင်ငံက အထူးအမြန် တည်ဆောက်နေပါတယ်။ ဒီစီမံကိန်းမှာ ကူမင်း-ချင်းရွှေဟော်-ကျောက်ဖြူ ရထားလမ်း အပါအ၀င် စီမံကိန်း သုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်က ဇူလိုင် ၁ ရက်မှာ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်း အမည်နဲ့ ထုတ်ပြန်လာပါတယ်။ တရုတ်ရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ရေးခဲ့သူက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်းက ညွှန်ကြားရေးမှူး ဦးသောင်းနိုင်ပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ဘက်ခြမ်းကနေ တောင်အာရှနဲ့ အရှေ့တောင် အာရှကို ဖြာထွက်မှု ဗဟိုအဖြစ် သတ်မှတ် ရွေးချယ်ထားတဲ့ ဒီစီမံကိန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းတွေက ကူမင်း-ချင်းရွှေဟော်-ကျောက်ဖြူ ရထားလမ်း၊ တာလိ-လင်ချန်း အမြန်လမ်းမနဲ့ ချန်းယွင်လေဆိပ်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီစီမံကိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ တရုတ်နိုင်ငံ၊ နိုင်ငံတော် ကောင်စီက ချင်းရွှေဟော် နယ်စပ်ဂိတ်ကို အထူး နယ်စပ်ဂိတ်အဖြစ် တည်ဆောက်ဖို့ ရန်ပုံငွေ ခွင့်ပြုခဲ့ပြီး ချင်းရွှေဟော် နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံအတွက် စားနပ်ရိက္ခာ အဓိက တင်သွင်းဖို့ ရည်ရွယ်ခွင့်ပြု ဆောင်ရွက်ခဲ့တာပါ။

ကူမင်း အကောက်ခွန် စာရင်းအရ မိန်းတိန် (ချင်းရွှေဟော်ဂိတ်)က ကုန်စည် ၀င်\ထွက်မှု ပမာဏဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ကုန်တန်ချိန် ရှစ်သောင်းကနေ ရှစ်သိန်းအထိ တိုးတက်လာခဲ့ပြီး ယာဉ်ဝင်\ယာဉ်ထွက် ပမာဏဟာလည်း စီးရေ ၆၈၀၀၀ ကနေ ၂၈၀၀၀၀ အထိ လေးဆကျော် တိုးတက်လာခဲ့ပါတယ်။

ချင်းရွှေဟော် နယ်စပ်၊ လင်ချန်းနယ်စပ် စီးပွားရေး ပူးပေါင်းမှုဇုန်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာက စတင်ပြီး အထူးအလေးပေး အမြန် တည်ဆောက်နေပြီး ဒီဇုန်မှာဆို ထုတ်ကုန်သွင်းကုန် စီးပွားရေးဇုန်၊ အထွေထွေ စီးပွားရေး၊ ၀န်ဆောင်မှု လုပ်ငန်းဇုန်၊ ကုန်ပစ္စည်း ထိန်းသိမ်း သိုလှောင်ရေးဇုန်၊ ရောင်းဝယ်ရေးနဲ့ စစ်ဆေးရေးဇုန်၊ အထွေထွေ အခွန်ကင်းလွတ်ခွင့်ဇုန်နဲ့ ဈေးဆိုင်ခန်းများဇုန် ဆိုပြီး ဖွဲ့စည်း တည်ဆောက်နေပြီး ဇုန်ဧရိယာ ၄ ဒသမ ၂၃ စတုရန်း ကီလိုမီတာ ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။

သိုလှောင်ရေးနဲ့ ကုန်ပစ္စည်း စစ်ဆေးရေးဇုန် သုံးခုကိုလည်း ဆောင်ရွက်နေပြီး ဦးစားပေး လုပ်ငန်းတွေအဖြစ် တရုတ်-မြန်မာ နယ်စပ် ဆက်စပ်လမ်းမကြီး တည်ဆောက်ရေးဖြစ်ပြီး လမ်းအကျယ် ၄၃ မီတာနဲ့ ၄ ဒသမ ၃ ကီလိုမီတာ ရှည်လျားပါတယ်။ ဒီ တရုတ်-မြန်မာ လမ်းမကြီးကို ပစိဖိတ်သမုဒ္ဒရာ ထွက်ပေါက်အဖြစ် ကူမင်း-လင်ချန်း-ချင်းရွှေဟော်က တစ်ဆင့် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ဖောက်လုပ်သွားမှာလို့လည်း ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းရဲ့ ရေးသားချက်အရ သိရပါတယ်။

ဖြိုးဝေ - eleven news
မြန်မာနိုင်ငံကို ဖြတ်ဖောက်မည်ဟုဆိုသည့် ကျောက်ဖြူ - ကူမင်း ရထားလမ်း စီမံကိန်းပြ မြေပုံကို တွေ့ရစဉ် (Photo - Shwe Gas Movement)
တရုတ်ရဲ့ တိတ်တဆိတ် ခြေလှမ်း (သို့မဟုတ်) ကျောက်ဖြူ-ကူမင်း ရထားလမ်း တရုတ်ရဲ့ တိတ်တဆိတ် ခြေလှမ်း (သို့မဟုတ်) ကျောက်ဖြူ-ကူမင်း ရထားလမ်း Reviewed by SwaiSon on 1:06 AM Rating: 5

No comments