Ads Top

ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုနှင့် အကြမ်းဖက်မှုများ လက်မခံဟုဆို


----------------------------------------------

ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုနှင့် အကြမ်းဖက်မှုများကို လက်မခံနိုင်ကြောင်း ပုသိမ်မြို့ မြို့တော်ခန်းမ၌ ယနေ့ (ဇူလိုင် ၁၀ ရက်) က ကျင်းပသည့် အစ္စလာမ် ဘာသာဝင်များ၏ အီးဒ်ဝါကျွတ်ပွဲတော် ဘာသာပေါင်းစုံ မိတ်ဆုံစားပွဲ အခမ်းအနားသို့ တက်ရောက်လာသူများက ပြောဆိုလိုက်သည်။

အဆိုပါ အခမ်းအနားတွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာဝင် စုစုပေါင်း တစ်ရာခန့် တက်ရောက်ခဲ့ပြီး ပုသိမ်မြို့ ဆရာတော် ဥူးဝဏ္ဏသီရိ၊ မြန်မာမူစလင်ကွန်ရက်မှ ဒေါက်တာမြင့်သိန်း (စာရေးဆရာ ငြိမ်းချမ်းလုလင်)၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး ဦးအုန်းမောင်၊ ခရစ်ယာန်ဘုန်းတော်ကြီး ဂျွန်စိန်းဟီနှင့် ဟိန္ဒူဘာသာရေး ခေါင်းဆောင် ဦးအောင်နိုင်ဦးတို့က အထက်ပါအတိုင်း တစ်သဘောတည်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘာသာတိုင်းက သစ္စာ၊ မေတ္တာတရားကို အခြေခံပါတယ်။ ဒါကြောင့် ဘယ်ဘာသာမဆို အရင်ဆုံး မိမိတို့ရဲ့ ဘာသာတရားရဲ့ အနှစ်သာရကို နားလည်ဖို့ လိုပါတယ်။ တခြားဘာသာကိုလည်း နားလည်သိရှိဖို့ လိုအပ်ပါတယ်။ တခြားသော ဘာသာတရားတွေကို မထိခိုက်ဘဲ မိမိဘာသာ သာသနာကို ကြည်ညိုအောင် လုပ်ဆောင်ခြင်းအားဖြင့် မိမိဘာသာဝင် လူမျိုးများကို စောင့်ရှောက်ရာ ရောက်ပါတယ်။ အမုန်းစကား၊ အမုန်းတရား မရှိအပ်ဘူး”ဟု ဆရာတော် ဥူးဝဏ္ဏသီရိက မိန့်ကြားသည်။


မည်သည့် ဘာသာတွင်မှ အစွန်းရောက်ခြင်း၊ အကြမ်းဖက်ခြင်းဝါဒ မရှိကြောင်း၊ IS တို့၏ အကြမ်းဖက် အစွန်းရောက်မှုသည် အစ္စလာမ် တရားတော် ကိုလ်ရမ်ကျမ်းမြတ်နှင့် လုံးဝအပ်စပ်မှု မရှိကြောင်း၊ ထို့ကြောင့် IS တို့ လုပ်ရပ်များကို လက်မခံနိုင်ကြောင်း၊ မိမိတို့သည် မြန်မာမူဆလင်များ ဖြစ်ပြီး အစ္စလာမ်ဘာသာ ကိုးကွယ်ယုံကြည်သော မြန်မာနိုင်ငံသားများသာ ဖြစ်ကြောင်း မြန်မာမူစလင် ကွန်ရက်မှ ဒေါက်တာမြင့်သိန်း (စာရေးဆရာ ငြိမ်းချမ်းလုလင်) က ပြောဆိုသည်။

“ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေပါ။ ဘယ်လို အကြမ်းဖက်မှုမှ လက်မခံနိုင်ဘူး။ ဒီနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုပမာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အနောက်တံခါး၊ အရှေ့တံခါး၊ မြောက်ဘက်တံခါးတွေ လုံခြုံရေး၊ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေး တည်တံ့ဖို့ ကျွန်တော်တွေ သစ္စာစောင့် သိရပါမယ်။ ကျူးကျော် လာသူတွေကိုလည်း လက်ခံမှာ မဟုတ်ပါဘူး”ဟု ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး ဦးအုန်းမောင်က ပြောသည်။


အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ အသီးသီးမှ တာဝန်ရှိသူများ၊ အရပ်ဖက် အဖွဲ့အစည်းများ တက်ရောက်ကြပြီး ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ဘာသာပေါင်းစုံ ပူးပေါင်း၍ ဖြေရှင်း ဆောင်ရွက်သွားဖြစ်ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရသည်။

ဓာတ်ပုံ - မောင်မျိုးထက်

Ref: The Voice

ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုနှင့် အကြမ်းဖက်မှုများ လက်မခံဟုဆို ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုနှင့် အကြမ်းဖက်မှုများ လက်မခံဟုဆို
Reviewed by SwaiSon on 6:57 AM Rating: 5

No comments